ကိုဗစ်ကာကွယ်ဆေးအတွက် စိန်ခေါ်မှုဖြစ်လာနိုင်ခြေရှိသော ဗီဇပြောင်းမျိုးကွဲအသစ် “Mu” (သို့) “မျူ”![]()
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ဟာ ခုချိန်မှာ “Mu” လို့ခေါ်တဲ့ ကိုဗစ်ဗီဇပြောင်းမျိုးကွဲအသစ်ကို Variants of Interest စာရင်းထဲထည့်သွင်းပြီး စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။
Mu ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် Colombia နိုင်ငံ၌ စတင်ဖြစ်ပွါးခဲ့ပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆိုရင် Mu ကြောင့် ရောဂါဖြစ်ပွားနှုန်းဟာ ၀.၁% သာရှိပြီး Colombia နိုင်ငံတွင် ၃၉% နှင့် Ecuador နိုင်ငံတွင် ၁၃% ဖြင့် ကူးစက်ဖြစ်ပွားနှုန်းမြင့်မားလျက်ရှိပါတယ်။
WHO ၏ ကနဦးရှာဖွေတွေ့ရှိချက်အရ ယခင်က ကိုဗစ်ဖြစ်ဖူး၍သော်လည်းကောင်း
ကိုဗစ်ကာကွယ်ဆေးထိုး၍သော်လည်းကောင်း ရရှိထားသောခုခံအားသည် ကိုဗစ်ဗီဇပြောင်းမျိုးကွဲ “Mu” ကို မကာကွယ်နိုင်ကြောင်းယူဆရပြီး နောက်ထပ်လေ့လာမှုအသစ်များ ထပ်မံလုပ်ဆောင်ရန်လိုအပ်သေးကြောင်းဖော်ပြထားပါတယ်။
WHO ဟာ ရောဂါမျိုးကွဲအသစ်တစ်ခုပေါ်ပေါက်လာလျှင် –
Variants of Concern (VOC) (အရေးပေါ်ကိုင်တွယ်ဖြေရှင်းရတဲ့ မျိုးကွဲ)
Variants of Interest (VOI) (စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ မျိုးကွဲ) ဆိုပြီးခွဲခြားလေ့လာကြပါတယ်။
Variants of Concern (VOC) ဟာ
-ရောဂါကူးစက်မှုနှုန်း နှင့် ရောဂါဆိုးရွားမှုနှုန်းမြင့်မားခြင်း
-ရောဂါလက္ခဏာများပြောင်းလဲခြင်း
-ဆေးဝါးကုသမှုနှင့် ကာကွယ်ဆေးထိရောက်မှုနည်းပါးခြင်း တို့အပေါ်မူတည်၍ ရောဂါမျိုးစိတ်သတ်မှတ်ပြီး
Variants of Interest (VOI) ကတော့
-မျိုးရိုးဗီဇပြောင်းလဲလာခြင်းအလိုက်ဖြစ်ပေါ်လာသော မျိုးကွဲအသစ်၏ အချက်အလက်များ
-ဗီဇပြောင်းမျိုးကွဲအသစ်ကြောင့် ရောဂါပြန့်ပွားမှု၊ နိုင်ငံအလိုက် ရောဂါဖြစ်ပွါးမှုနှုန်းများကို လေ့လာကြပါတယ်။
လတ်တလောမှာတော့ “Mu” ကို Variants of Interest (စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ မျိုးစိတ်ကွဲ) စာရင်းမှာသာထည့်သွင်းလေ့လာနေလျက်ရှိတဲ့အတွက်ကြောင့် ပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်မှုမဖြစ်ဘဲ –
ရရှိနိုင်သော ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်း
Mask တပ်ခြင်း
လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးပေးခြင်း
နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်အားအသုံးပြုခြင်း
တစ်ဦးနဲ့ တစ်ဦး ၆ ပေ အကွာတွင်နေခြင်း
လေဝင်လေထွက်ကောင်းမွန်အောင်ထားရှိခြင်း အစရှိသည့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကျင့်သုံးသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
References:
Lovelace, B. (2021, September 2). CNBC. Retrieved from https://www.cnbc.com/…/who-says-it-is-monitoring-a-new…
UN. (2021, September 1). United Nations. Retrieved from https://news.un.org/en/story/2021/09/1098942
WHO. (2021, September 2). World Health Organization. Retrieved from https://www.who.int/…/act…/tracking-SARS-CoV-2-variants/
