☀️မဖြစ်မနေဂရုစိုက်ရမည့်သင့်ကျန်းမာရေးနှင့်အပူဒဏ်

🥵ရာသီဥတုပူပြင်းလာတာနဲ့အမျှ သင့်ကျန်းမာရေးကိုပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ မြင့်မားလွန်းတဲ့အပူချိန်ဟာ ချွေးထွက်လွန်ခြင်းဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်မှ ရေနှင့်ဓာတ်ဆားဓာတ်များဆုံးရှုံးကာ အချိန်မီဆေးကုသမှုမခံယူလျှင် အသက်ဆုံးရှုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်အပူဒဏ်နှင့် ဆက်စပ်နေသောရောဂါများအကြောင်းကို ဂရုစိုက်ဆင်ခြင်နိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

(၁) အပူဒဏ်ကြောင့် ဖောယောင်ခြင်း (Heat Edema)
အပူဒဏ်နှင့် ထိတွေ့ပြီး ရက်ပိုင်းအတွင်းဖြစ်ပေါ်တတ်ပြီး ခြေကျင်းဝတ်၊ ခြေဖမိုး၊ လက် အစရှိတဲ့ နေရာများဖောရောင်ခြင်းဖြစ်ပြီး ခြေကျင်းဝတ်မှအထက် ခြေသလုံးဆီသို့တော့ပြန့်နှံ့မှုမရှိတတ်ပါဘူး။ အပူဒဏ်ကြောင့် ဖောယောင်ခြင်းဖြစ်ပေါ်လျှင် လုံလောက်စွာအနားယူပါ။ ခြေရင်းဘက်ကိုမြှင့်ပြီးအိပ်ပါ။ ဓာတ်ဆားသောက်ခြင်း ခြေစွပ်ကျပ်ကျပ် ဝတ်ဆင်ခြင်းတို့ဖြင့်လည်းသက်သာစေနိုင်ပါတယ်။

(၂) အပူကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း (Heat Rashes/ Prickly Heat)
ပူပြင်းတဲ့ရာသီဥတုမှာ အချိန်ကြာမြင့်စွာချွေးထွက်ခြင်းကြောင့်ဖြစ်တတ်တဲ့ အနီရောင်အဖုငယ်များ၊ အင်ပြင်များဖြစ်ပါတယ်။ သန့်ရှင်းပြီး ပွပွချောင်ချောင်ရှိတဲ့ ချည်ထည်များကိုဝတ်ဆင်ခြင်း၊ ချွေးထွက်နည်းအောင်နေထိုင်ခြင်း ဖြင့်သက်သာစေနိုင်သလို ယားယံမှုကိုသက်စေဖို့ ကျန်းမာရေးဝန်ထမ်းများကိုတိုင်ပင်ပြီး သောက်ဆေး၊လိမ်းဆေးများ အသုံးပြုနိုင်ပါတယ်။

(၃) အပူဒဏ်ကြောင့် ကြွက်တက်ခြင်း (Heat Cramps)
အလွန်ပူပြင်းတဲ့ရာသီဥတုမှာ ချွေးအလွန်အကျွံထွက်ပြီး ရေနှင့်ဓာတ်ဆားများဆုံးရှုံးခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေသလုံး၊ ပေါင်၊ ပုခုံးတို့မှ ကြွက်သားများဖြစ်တတ်ပြီး အလွန်နာကျင်တတ်ပါတယ်။ ဓာတ်ဆားရည် (ORS) တိုက်ခြင်း၊ အေးမြတဲ့နေရာမှာ အနားယူခြင်း နှင့် ကြွက်တက်နေတဲ့ကြွက်သားကို အသာအယာ ဆွဲဆန့်ခြင်း၊ နှိပ်နယ်ခြင်းတို့ဖြင့်သက်သာစေနိုင်ပါတယ်။

(၄) အပူကြောင့် မူးမေ့ခြင်း (Heat Syncope)
အရမ်းပူနေတဲ့ရာသီဥတုမှာ ခန္ဓာကိုယ်မှ ပြင်ပအပူချိန်နှင့် လိုက်လျောညီထွေဖြစ်ဖို့ သွေးကြောများကျယ်လာပြီး အဲ့ဒီကျယ်နေတဲ့သွေးကြောထဲမှ သွေးများစုလာခြင်းကြောင့်ဖြစ်တတ်သလို နေပူထဲမှာ အကြာကြီးမတ်တတ်ရပ် နေတဲ့သူများမှာလည်း ခြေထောက်နေရာမှ သွေးများ စုပုံလာခြင်းကြောင့် လည်းဖြစ်တတ်ပါတယ်။ လူနာအား အေးမြတဲ့နေရာမှာ ခြေထောက်မြှင့်ထားပြီး အနားယူစေခြင်း၊ ဓာတ်ဆားတိုက်ပေးခြင်းများပြုလုပ်ခြင်းဖြင့် သက်သာစေပါတယ်။

(၅) အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
ရာသီဥတုပူပြင်လွန်းတဲ့အတွက် ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးပြီး ပင်ပန်းနွမ်းနယ်ခြင်းကိုဆိုလိုပါတယ်။ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်ပွားနေတဲ့သူများရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ🤒 ၉၈.၆ ဒီဂရီဖာရင်ဟိုက်မှ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်နေတတ်ပြီး ပျို့ခြင်း၊ ခေါင်းမူးခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်း နှင့်အားပျော့ခြင်း၊ မူးမိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးချိခြင်း၊ ရေဆာခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း တို့ဖြစ်တတ်ပါတယ်။
အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဟာအလွန်အရေးကြီးတဲ့ အပူဒဏ်ရောဂါဖြစ်ပြီး အချိန်မှီဆေးကုသမှုမခံယူပါက အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) အထိဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးပို့ဆောင်ပေးရပါမယ်။

(၆) အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)
အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာများထဲမှ အပြင်းထန်ဆုံးဖြစ်ပြီး အချိန်မှီဆေးကုသမှုမခံယူ လျှင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်နေတဲ့သူရဲ့ အပူချိန်ဟာ🤒 ၁၀၄ ဒီဂရီဖာရင်ဟိုက်အထက်ထိမြင့်မားနေတတ်ပြီး အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးခန်းခြောက်ခြင်း ၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း စတဲ့လက္ခဏာများနှင့်တွဲနေတတ်ပါတယ်။ ဒါ့ကြောင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်လျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ခြင်းပို့ဆောင်ဖို့လိုအပ်ပါတယ်။

📌ဒါကြောင့် အပူဒဏ်ကြောင့်ဖြစ်တဲ့ရောဂါများ မဖြစ်ပေါ်စေဖို့ နံနက် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း မလိုအပ်ပဲအပြင်သွားခြင်း၊ နေရောင်အောက်မှာ အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်ဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Credit – ပြည်သူ့ကျန်းမာရေးဦးစီးဌာန Facebook Page