ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (မေလ ၃၁ ရက်နေ့)

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (မေလ ၃၁ ရက်နေ့)
====================================
 
💨ယနေ့ မေလ ၃၁ ရက်နေ့ဟာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ဖြစ်ပါတယ်။
 
📌ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေတယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လူမှုစီးပွားရေးဆိုးကျိုးများစွာလည်းဖြစ်ပေါ်စေနိုင်ပါတယ်။
 
📌၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ကထုတ်ပြန်ထားချက်တွေအရကတော့
 
📌မြန်မာနိုင်ငံတွင် နှစ်စဉ်လူသေဆုံးမှုတွေရဲ့ ၁၇.၆% ဟာ ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးနေရတာဖြစ်ပါတယ်။
 
📌ပျှမ်းမျှအသက် (၁၈) (သို့) (၁၉) နှစ်မှာ နေ့စဉ်နှင့်အမျှ ဆေးလိပ်သောက်သုံးသူများသည် နှလုံးရောဂါကို စောစီးစွာဖြစ်နိုင်ကြောင်းလည်း ပြောကြားထားပါတယ်။
📌ဆေးလိပ်သောက်သုံးသူရဲ့ ၁၃.၃မီတာ (၄၄ ပေ) အနီးပတ်လည်တွင် နေထိုင်သူအများစုသည် သာမန်လူများထက် နှလုံးရောဂါကို ပိုဖြစ်နိုင်ပါတယ်။
 
💨ဆေးလိပ်သောက်ခြင်းသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ အဆုတ်ရောဂါ၊ နှလုံးသွေးကြောရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးနှင့် အခြားရောဂါများကိုလည်းဖြစ်ပေါ်စေတတ်တဲ့အပြင် မိမိရဲ့ဆေးလိပ်ငွေ့ကိုရှုရှိုက်မိသူများအနေဖြင့်လည်း အလားတူဆိုးရွားသောကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်စေနိုင်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကိုလုံးဝရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
 
💨ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မိမိကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်စေ၊ တဆင့်ခံဆေးလိပ်ငွေ့ရှုခြင်းကြောင့်ဖြစ်စေ သန္ဓေသားဖွံ့ဖြိုးမှုကိုနှေးကွေးစေနိုင်သလို သန္ဓေသားသေဆုံးမှုနှုန်းကိုလည်းမြင့်တက်စေပါတယ်။
 
💨ဆေးလိပ်သောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်းဆိုးရွားစွာထိခိုက်စေပါတယ်။ ဆေးလိပ်မီးကြောင့် မီးဘေးအန္တရာယ်ဖြစ်စေနိုင်သလို စွန့်ပစ်ဖင်စီခံများတွင်ပါဝင်သော Arsenic, Methyl Phenol, Nicotine နှင့်Lead တို့ကြောင့်လည်း မြေဆီလွှာနှင့် ရေထုညစ်ညမ်းမှုများကိုလည်းဖြစ်စေနိုင်ပါတယ်။
 
💨နိုင်ငံတကာတွင်လည်း ဆေးလိပ်သောက်ခြင်းကိုလျှော့ချဖို့တိုက်တွန်းထားပြီး လူထူထပ်သောနေရာများတွင် ဆေးလိပ်သောက်ခြင်းကိုပြင်းထန်စွာတားမြစ်ထားပါတယ်။
 
💨ဒါ့ကြောင့်မြန်မာပြည်သူပြည်သားများအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ်ဖို့နှင့် ဆေးလိပ်သောက်လျှင်လည်း လူထူထပ်သောနေရာများကိုရှောင်ကြဉ် ပြီးသောက်သုံးဖို့ Zifam Myanmar မှတိုက်တွန်းနှိုးဆော်အပ်ပါသည်။
 
Ref: World Health Organization (WHO)

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (မေလ ၃၁ ရက်နေ့)