အဖြစ်များတဲ့ရေတိမ်ရောဂါ . .

 ရေတိမ်ရောဂါက မြန်မာနိုင်ငံမှာ ဒုတိယအဖြစ်အများဆုံး မျက်စိရောဂါတစ်မျိုးဖြစ်ပါတယ်။ ရေတိမ်ရောဂါမှာ ထောင့်ကျဉ်းရေတိမ်ရောဂါနဲ့ ထောင့်ကျယ်ရေတိမ်ရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတာကတော့ ထောင့်ကျဉ်းရေတိမ်ရောဂါပဲဖြစ်ပါတယ်။

 ထောင့်ကျဉ်းရေတိမ်ရောဂါရဲ့လက္ခဏာအနေနဲ့ကတော့ မျက်လုံးကနီရဲလာမယ်။

ကိုက်လာမယ်၊ သာမန်မျက်စိနာတာနဲ့မတူဘဲ ပိုပိုပြီးနီလာပါလိမ့်မယ်။ ခေါင်းကိုက်တယ်လို့ထင်ရလောက်အောင်ကိုကိုက်နိုင်ပါတယ်။

အဲ့ဒီလိုမျက်စိနီလာတယ်၊ ခေါင်းတွေကိုက်နေတာအပြင် အန်တာတွေလဲဖြစ်တတ်ပါတယ်။ မျက်လုံးမှာ ကောင်းတဲ့ဘက်ကိုပိတ်ပြီးကြည့်လိုက်ရင် နီနေတဲ့ဘက်ကဘာမှမမြင်ဘဲနဲ့ ဝါးနေတာကိုတွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ နီ၊ ကိုက်၊ မှုန် ဆိုတဲ့ စကားလုံးသုံးလုံးနဲ့ပြည့်စုံရင် ထောင့်ကျဉ်းရေတိမ်ရောဂါကို သံသယရှိပြီး မျက်စိဆရာဝန်နဲ့ပြသစစ်ဆေးဖို့လိုပါတယ်။

 ထောင့်ကျယ်ရေတိမ်ရောဂါကျတော့ ထောင့်ကျဉ်းရေတိမ်ရောဂါနဲ့မတူဘဲ မြင်ကွင်းကတဖြေးဖြေးကျဉ်းလာပါတယ်။ မျက်စိကိုကြည့်ရတာအားမရဘူး၊ မျက်မှန်ကိုမကြာခဏ ပြောင်းနေရတတ်ပါတယ်။

 မျက်စိအမြင်အာရုံမှာဆိုရင် လည်းမြင်ကွင်းက တဖြေးဖြေးကျဉ်းလာမယ်၊ မျက်မှန်မကြာခဏစမ်းသပ်ပြီးပြောင်းနေရပြီဆိုရင် ထောင့်ကျယ်ရေတိမ်ရောဂါဖြစ်နိုင်တာမို့လို့ အနီးဆုံးမျက်စိဆရာဝန်တစ်ယောက်ယောက်နဲ့ပြသစစ်ဆေးသင့်ပါတယ်။

(ပါမောက္ခဦးတင်ဝင်း (ပါမောက္ခ၊ ဌာနမှုး) ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီး မှ ရေတိမ်အကြောင်းသိကောင်းစရာ ဆိုတဲ့ခေါင်းစဉ် ဖြင့် ပြောကြားခဲ့တဲ့ Video မှ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။)


Related Posts