ခွန်အားဖြည့်မိငယ်နှင့်အတူ…အားတင်းပြီးဆက်လက်ချီတက်ကြပါစို့

ခွန်အားဖြည့်မိငယ်နှင့်အတူ…အားတင်းပြီးဆက်လက်ချီတက်ကြပါစို့

အခုဆိုရင် COVID19 ရောဂါပိုးဟာမြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝှမ်းကူးစက်ပျံ့နှံ့နေခဲ့တာကာလအတန်အသင့်ရှိနေပြီဖြစ်ပါတယ်။ COVID 19 ရောဂါပိုးဟာ မျိုးစိတ်ကွဲများ (Genetic Mutation) ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းဆိုးများရှိသလို အချို့နိုင်ငံများမှာဆိုရင်လည်း ပြည်သူများအားလုံးနှင့် ကျန်းမာရေးဝန်ထမ်းများရဲ့ဝိုင်းဝန်းကြိုးစားအားထုတ်မှုများကြောင့် ဖြစ်ပွားမှုနှုန်းတွေကျဆင်းနေတယ်ဆိုတဲ့သတင်းကောင်းများရှိနေပြီး COVID 19 ကာကွယ်ဆေးများနှင့် ကုသနိုင်သောဆေးဝါးများကြိုးစားစမ်းသပ်ထုတ်လုပ်နေရာမှာ အခြေအနေတိုးတက်ကောင်းမွန်နေတဲ့သတင်းများလည်းကြားသိနေရပါပြီ…

မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၂၀ခုနှစ် ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ချက်များအရ COVID19 ရောဂါပိုးတွေ့ရှိလူနာအသစ်မတွေ့ရှိကြောင်းဝမ်းသာစရာသတင်းကောင်းများစတင်ကြားနေရသလိုရောဂါပိုးတွေ့ရှိပြီးသူများလည်းရောဂါလက္ခဏာများသက်သာခြင်း၊ ပြန်လည်ကောင်းမွန်လာသောလူနာများလည်းပိုများလာခြင်းစသောသတင်းကောင်းများကိုကြားသိနေရပါပြီ

ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ လက်ပုံမှန်ဆေးခြင်း၊ လူစုလူဝေးကိုရှောင်ကြဉ်ခြင်း၊ ချောင်းဆိုးနှာချေလျှင် လက်ကိုင်ပဝါ/တံတောင်ဆစ်ဖြင့်ဖုံးအုပ်ခြင်း၊ တတ်နိုင်သမျှအိမ်မှာပဲနေထိုင်ခြင်း၊ မဖြစ်မနေအိမ်အပြင်ထွက်ရလျှင် mask တပ်ခြင်း စတဲ့အလေ့အကျင့်ကောင်းများကိုဆက်လက်ကျင့်သုံးခြင်းဖြင့် COVID19 ကိုကြိုးစားရင်ဆိုင်နေကြတဲ့ ကျန်းမားရေးဝန်းထမ်းများအားလုံးကိုကူညီဖို့အကြံပြုပါရစေ။

အခြေအနေတိုးတက်ကောင်းမွန်လာခြင်းကြောင့် ပေါ့လျော့ပြီး အထက်ပါအလေ့အကျင့်ကောင်းများကိုဆက်လက်လုပ်ဆောင်ဖို့မေ့လျော့လျှင် ပန်းဝင်ခါနီးမှအရှုံးနှင့်ရင်ဆိုင်ရနိုင်တဲ့အတွက် တာဝန်ကိုယ်စီထမ်းရွက်ရှေ့ဆက်လှမ်းနေကြတဲ့ ခွန်အားဖြည့်မိငယ်များနှင့်အတူဆက်လက်ကြိုးစားချီတက်ကြဖို့တိုက်တွန်းအပ်ပါတယ်။