ကိုဗစ်​ရောဂါမှ သက်သာပြီးသော်လည်း 

ကိုဗစ်​ရောဂါမှ သက်သာပြီးသော်လည်း 😮‍💨
==========================

❓Long-COVID ဆိုတာဘာလဲ?

🔰The British Medical Journal ကတော့ ကိုဗစ်သက်သာပျောက်ကင်းပြီးမှ တခြားသောအကြောင်းအရင်းတစ်စုံတစ်ရာမရှိဘဲ ၁၂ ပတ်ကျော်တဲ့အထိ ရောဂါလက္ခဏာရှိနေခြင်းကို “Long-COVID” သို့မဟုတ် “Post-COVID Syndrome” လို့ခေါ်ပါတယ်။

🔰လူနာတွေရဲ့ ရောဂါသက်သာပျောက်ကင်းမှုဟာ အသက်အရွယ်၊ ရောဂါအခံရှိ/ မရှိ နှင့် ကိုဗစ်ရောဂါဆိုးရွားမှုအခြေအနေပေါ်မူတည်ပြီး သက်သာပျောက်ကင်းသွားကြပေမယ့် တချို့သောသူတွေမှာ –

-ရင်ဘတ်အောင့်ခြင်း
-စကားပြောရာတွင် မောပန်းလွယ်ပြီးအခက်အခဲဖြစ်ခြင်း
-စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
-ဖျားခြင်း
-ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ခြင်း
-အနံ့၊ အရသာပျောက်ခြင်း အပါအဝင် တခြားသောလက္ခဏာပေါင်း (၂၀၀)ကျော် ဖြစ်ပေါ်တတ်ကြောင်းဖော်ပြထားပါတယ်။

အဲ့လက္ခဏာတွေထဲမှာမှ

🔷အသက်ရှူမဝခြင်း၊ မောခြင်း

🔷Brain Fog လို့ခေါ်တဲ့ မေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း

🔷ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ လက္ခဏာ (၃)ခုကတော့ အဖြစ်အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ဖော်ပြထားပါတယ်။

❓ဒီလို လက္ခဏာတွေဟာ ဘယ်လောက်ထိကြာနိုင်ပါလဲ?

🔰ဘယ်လောက်ထိကြာနိုင်လဲဆိုတာတော့ တိတိကျကျမသိရှိနိုင်သေးပါဘူး။ တချို့လူနာတွေမှာ ၃ လအကြာမှာ သက်သာပျောက်ကင်းသွားပေမယ့် တချို့သူတွေမှာတော့ ၆ လ မှ ၉ လထိကြာရှည်တတ်ကြောင်းဖော်ပြထားပါတယ်။

❓ဘာကြောင့် ဒီလိုလက္ခဏာမျိုးတွေဖြစ်ရတာလဲ?

🔰ဒီလိုလက္ခဏာမျိုးတွေဖြစ်ရတဲ့အကြောင်းရင်းကိုတော့ အတိအကျ သေသေချာချာ မသိရသေးပါဘူး။ အဖြစ်နိုင်ဆုံးကတော့ မိမိတို့ခန္ဓာကိုယ်မှ 🦠ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့အချိန်မှာ ကိုယ်ခံအားစနစ်မှာထုတ်လိုက်တဲ့ Cytokines လို့ခေါ်တဲ့ ဓာတ်ပြုပစ္စည်းကြောင့် ရောင်ရမ်းမှုတွေဖြစ်ပေါ်စေပြီး ကိုဗစ်အလွန်မှာ မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

❓ဒီလို ကိုဗစ်အလွန်လက္ခဏာတွေအတွက် ကုသမှုနည်းလမ်းများရှိပါသလား?

🔰ကိုဗစ်အလွန်လက္ခဏာတွေအတွက် ဆေးပေးကုသလို့ရမယ့်နည်းလမ်းတွေမရှိသေးတဲ့အတွက်ကြောင့် အောက်ပါနည်းလမ်းများအတိုင်းလိုက်နာဆောင်ရွက်လို့ရပါတယ်။

✅ကောင်းကောင်းအနားယူပါ။ တီဗီ၊ ဖုန်း၊ အင်တာနက်တွေအသုံးမပြုဘဲ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးခြင်း၊ တရားထိုင်ခြင်း စသဖြင့် စိတ်ရော၊ ကိုယ်ပါ အနားပေးပါ။

✅မလိုအပ်တဲ့ လှုပ်ရှားမှုများကိုလျှော့ချပါ။

✅အစာအာဟာရပြည့်ဝအောင်စားပါ။ ရေများများသောက်ပေးပါ။

✅ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းစေရန်အတွက် နေ့စဉ်ဖြေးဖြေးနဲ့မှန်မှန်လေး လှုပ်ရှားပေးပါ။

✅အချိန်ပေးပါ။ တစ်ဦးနဲ့ တစ်ဦးဟာ သက်သာလာနိုင်တဲ့အချိန်မတူတဲ့အတွက်ကြောင့် စိတ်ရှည်ဖို့လိုအပ်ပါတယ်။

✅ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။

✅အာရုံစိုက်လုပ်ရမယ့်အလုပ်များကိုရှောင်ကြဉ်ပါ။

❓ကိုဗစ်ကာကွယ်ဆေးက​ကော ကိုဗစ်အလွန်လက္ခဏာတွေအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ?

🔰ကိုဗစ်ကာကွယ်ဆေးရဲ့ ကိုဗစ်အလွန်လက္ခဏာအပေါ်သက်ရောက်မှုကိုတော့ ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ကိုဗစ်မဖြစ်အောင် ကာကွယ်နိုင်လျှင် ကိုဗစ်အလွန်လက္ခဏာများကိုလဲ ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးများထိုးထားခြင်းသာမက ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကျင့်သုံးဖို့အရေးကြီးပါတယ်။

Reference :

📌Sharma, P., Bharti, S. & Garg, I., 2021. Post COVID fatigue: Can we really ignore it?. Indian Journal of Tuberculosis , pp. 1-4.

📌WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/episode-47—post-covid-19-condition
[Accessed 27 August 2021].

#zifam #CaringforWellbeing

#COVID19 #covid

#postcovid