ကိုဗစ်ရောဂါမှ သက်သာပြီးသော်လည်း 😮💨
==========================
Long-COVID ဆိုတာဘာလဲ?
The British Medical Journal ကတော့ ကိုဗစ်သက်သာပျောက်ကင်းပြီးမှ တခြားသောအကြောင်းအရင်းတစ်စုံတစ်ရာမရှိဘဲ ၁၂ ပတ်ကျော်တဲ့အထိ ရောဂါလက္ခဏာရှိနေခြင်းကို “Long-COVID” သို့မဟုတ် “Post-COVID Syndrome” လို့ခေါ်ပါတယ်။
လူနာတွေရဲ့ ရောဂါသက်သာပျောက်ကင်းမှုဟာ အသက်အရွယ်၊ ရောဂါအခံရှိ/ မရှိ နှင့် ကိုဗစ်ရောဂါဆိုးရွားမှုအခြေအနေပေါ်မူတည်ပြီး သက်သာပျောက်ကင်းသွားကြပေမယ့် တချို့သောသူတွေမှာ –
-ရင်ဘတ်အောင့်ခြင်း
-စကားပြောရာတွင် မောပန်းလွယ်ပြီးအခက်အခဲဖြစ်ခြင်း
-စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
-ဖျားခြင်း
-ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ခြင်း
-အနံ့၊ အရသာပျောက်ခြင်း အပါအဝင် တခြားသောလက္ခဏာပေါင်း (၂၀၀)ကျော် ဖြစ်ပေါ်တတ်ကြောင်းဖော်ပြထားပါတယ်။
အဲ့လက္ခဏာတွေထဲမှာမှ
အသက်ရှူမဝခြင်း၊ မောခြင်း
Brain Fog လို့ခေါ်တဲ့ မေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း
ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ လက္ခဏာ (၃)ခုကတော့ အဖြစ်အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ဖော်ပြထားပါတယ်။
ဒီလို လက္ခဏာတွေဟာ ဘယ်လောက်ထိကြာနိုင်ပါလဲ?
ဘယ်လောက်ထိကြာနိုင်လဲဆိုတာတော့ တိတိကျကျမသိရှိနိုင်သေးပါဘူး။ တချို့လူနာတွေမှာ ၃ လအကြာမှာ သက်သာပျောက်ကင်းသွားပေမယ့် တချို့သူတွေမှာတော့ ၆ လ မှ ၉ လထိကြာရှည်တတ်ကြောင်းဖော်ပြထားပါတယ်။
ဘာကြောင့် ဒီလိုလက္ခဏာမျိုးတွေဖြစ်ရတာလဲ?
ဒီလိုလက္ခဏာမျိုးတွေဖြစ်ရတဲ့အကြောင်းရင်းကိုတော့ အတိအကျ သေသေချာချာ မသိရသေးပါဘူး။ အဖြစ်နိုင်ဆုံးကတော့ မိမိတို့ခန္ဓာကိုယ်မှ
ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့အချိန်မှာ ကိုယ်ခံအားစနစ်မှာထုတ်လိုက်တဲ့ Cytokines လို့ခေါ်တဲ့ ဓာတ်ပြုပစ္စည်းကြောင့် ရောင်ရမ်းမှုတွေဖြစ်ပေါ်စေပြီး ကိုဗစ်အလွန်မှာ မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
ဒီလို ကိုဗစ်အလွန်လက္ခဏာတွေအတွက် ကုသမှုနည်းလမ်းများရှိပါသလား?
ကိုဗစ်အလွန်လက္ခဏာတွေအတွက် ဆေးပေးကုသလို့ရမယ့်နည်းလမ်းတွေမရှိသေးတဲ့အတွက်ကြောင့် အောက်ပါနည်းလမ်းများအတိုင်းလိုက်နာဆောင်ရွက်လို့ရပါတယ်။
ကောင်းကောင်းအနားယူပါ။ တီဗီ၊ ဖုန်း၊ အင်တာနက်တွေအသုံးမပြုဘဲ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးခြင်း၊ တရားထိုင်ခြင်း စသဖြင့် စိတ်ရော၊ ကိုယ်ပါ အနားပေးပါ။
မလိုအပ်တဲ့ လှုပ်ရှားမှုများကိုလျှော့ချပါ။
အစာအာဟာရပြည့်ဝအောင်စားပါ။ ရေများများသောက်ပေးပါ။
ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းစေရန်အတွက် နေ့စဉ်ဖြေးဖြေးနဲ့မှန်မှန်လေး လှုပ်ရှားပေးပါ။
အချိန်ပေးပါ။ တစ်ဦးနဲ့ တစ်ဦးဟာ သက်သာလာနိုင်တဲ့အချိန်မတူတဲ့အတွက်ကြောင့် စိတ်ရှည်ဖို့လိုအပ်ပါတယ်။
ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။
အာရုံစိုက်လုပ်ရမယ့်အလုပ်များကိုရှောင်ကြဉ်ပါ။
ကိုဗစ်ကာကွယ်ဆေးကကော ကိုဗစ်အလွန်လက္ခဏာတွေအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ?
ကိုဗစ်ကာကွယ်ဆေးရဲ့ ကိုဗစ်အလွန်လက္ခဏာအပေါ်သက်ရောက်မှုကိုတော့ ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ကိုဗစ်မဖြစ်အောင် ကာကွယ်နိုင်လျှင် ကိုဗစ်အလွန်လက္ခဏာများကိုလဲ ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးများထိုးထားခြင်းသာမက ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကျင့်သုံးဖို့အရေးကြီးပါတယ်။
Reference :
Sharma, P., Bharti, S. & Garg, I., 2021. Post COVID fatigue: Can we really ignore it?. Indian Journal of Tuberculosis , pp. 1-4.
WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/episode-47—post-covid-19-condition
[Accessed 27 August 2021].