အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ မေမေ၊ဖေဖေတို့ အနေနဲ့သားသားမီးမီးလေးတွေအတွက်လည်း စိုးရိမ်နေကြမယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။
သားသားမီးမီးလေးတွေကို အပြင်မထွက်စေဘဲ မိမိအိမ်တွင်းမှာ ကလေးတွေစိတ်ပျော်ရွှင်ချမ်းမြေ့စေဖို့အတွက် ပုံပြင်လေးတွေ ဖတ်ပြပေးမယ်၊ သီချင်းဆိုမယ်၊ အတူတူပုံဆွဲကြမယ်၊ အိမ်အလုပ်လေး တွေ တတ်နိုင်တာလေးတွေကို ဝိုင်းကူစေမယ်စသဖြင့် သားသား၊ မီးမီးလေးတွေမပျင်းရလေအောင် အိမ်ထဲမှာပဲနေစေလို့ ရပါတယ်။
လူအထိအတွေ့များတဲ့ အရာ၀တ္တုများကိုထိတွေ့ကိုင်တွယ်ပြီးတိုင်း နှင့် ကလေးများဆော့ကစားပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ သေချာစွာဆေး ကြောသန့်စင်ပေးပါ။ ဖေဖေ၊မေမေတို့ကလည်းသားသားမီးမီးတို့ကို COVID-19 ရောဂါအကြောင်း ကျန်းမာရေးအသိရှိအောင် ရှင်းပြပြီး သားသားမီးမီးလေးတို့ကိုယ်တိုင်လက်ဆေးဖို့ အလေ့အကျင့်ပြုလုပ်ပေး ရပါမယ်။
သားသားမီးမီးလေးတွေကိုလည်းအပြင်မှာ ဆော့ကစားခိုင်းတာမျိုးကို ရှောင်ကျဉ်ပြီး မိမိအိမ်ထဲမှာပဲဆော့ကစားပါစေ။ ဒီလို COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ အခွင့်အရေးတစ်ရပ်အနေနဲ့ သားသား၊ မီးမီးလေးတွေနဲ့အတူ ဖေဖေ၊မေမေတို့က ရှိနေပေးမယ်၊ အတူ ဆော့ကစားပေးမယ်ဆိုရင် ကလေးတွေရဲ့ချစ်ခင်ရင်းနှီးမှု ကိုပိုမိုရရှိ စေပါတယ်။
ဒါ့အပြင်ကိုယ်ခံအားကောင်းမွန်စေဖို့ အာဟာရပြည့်၀တဲ့ အစားအစာတွေကိုကျွေးပေးပါ။ အစားအစာသန့်ရှင်း လတ်ဆတ်မှု ကိုလည်းသတိပြုစေချင်ပါတယ်။ သရေစာကျွေးတာကိုလျော့ပြီး ထမင်း၊ ဟင်းတို့ကို စားချင်စဖွယ်ချက်ပြုတ်ကျွေးမွေးပါ။ အသီးအနှံများကို ကျွေးပေးပါ။ အိပ်ချိန်ကိုလည်း လုံလောက်စွာရရှိစေဖို့ မေမေ၊ဖေဖေ တို့အနေနဲ့ ဂရုစိုက်ပေးဖို့လိုပါတယ်။
ကလေးတွေကို မိမိအိမ်မှာပဲနေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ အဲ့လိုလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းကလည်း သားသား မီးမီးလေးတွေရဲ့စိတ်ကိုလန်းဆန်းစေပြီး ကျန်းမာရေးကိုကောင်းမွန်စေ ပါတယ်။
သားသားမီးမီးလေးတွေ COVID-19 ရောဂါအန္တရာယ်မှ ကင်းဝေးစေ ဖို့ အတွက် ဖေဖေ၊မေမေတို့အနေနဲ့လည်း ဒီလိုရက်တွေမှာအပြင်သွား တာကို တတ်နိုင်သမျှရှောင်ကျဉ်သင့်ပါတယ်။
ဖေဖေ၊မေမေတို့အနေနဲ့အရေးကြီး အပြင်သွားရတယ်ဆိုလည်း အပြင်ကပြန်လာပြီဆိုရင် လက်တွေကို ဆပ်ပြာနဲ့သေချာစွာသန့်စင် ဆေးကြောပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုအထူးဂရုပြုပါ။ ဒီလိုရက် တွေမှာ ကလေးတွေနဲ့ လည်း နီးကပ်စွာနေခြင်း၊ နမ်းခြင်း၊ ပွေ့ဖက်ခြင်း တို့ကိုလည်း ရှောင်ကျဉ်စေချင်ပါတယ်။
Online ပေါ်မှသတင်းမှားတွေကြောင့် ဖေဖေ၊မေမေတို့စိုးရိမ်ပူပန် မှုများကင်းပြီး သားသားမီးမီးလေးတွေအတူနဲ့အိမ်မှာ ပျော်ရွှင်စွာနေထိုင် နိုင်ဖို့အတွက် WHO (သို့) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန် ကြေညာချက်များကိုနားစွင့်ပါ။
